Monday, 25 July 2016

ရွှေတိဂုံဘုရားပေါ်တက်တဲ့ကျားကို ဘယ်လိုနှိမ်နှင်းခဲ့ရသလဲ ?

ရွှေတိဂုံဘုရားပေါ်တက်တဲ့ကျားကို ဘယ်လိုနှိမ်နှင်းခဲ့ရသလဲ ?

     ရွှေတိဂုံဘုရားပေါ်သို့ ၂.၃.၁၉၀၃ (၁၂၆၄-ခု၊ တပေါင်းလဆန်း ၅-ရက်) တနင်္လာနေ့တွင် ကျားသစ် တစ်ကောင် တက်လာခဲ့သည်။ ထိုအချိန်တွင် ဘုရားကြီးကို ရွှေချရန်အတွက် ငြမ်းများ ဆင်ထားခဲ့သည်။ ကျားသည် ခေါင်းလောင်းပုံ အနားလန်စွန်းတွင် တက်၍ ဝပ်နေသည်ကို ရင်ပြင်ပေါ်မှ ဘုရားဖူးများ မြင်ကြ ရသဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ဗိုလ်မှူးကြီး အီးလော့ဖို့ဒ်၊ ကပ္ပတိန်ဘီဗီးလ်နှင့် ကပ္ပတိန်ဂျင်းနင်းတို့ နှိမ်နှင်းရန် ရောက်ရှိလာကြသည်။ 

ကျားမှာ တစ်ကောင်လုံးမမြင်ရဘဲ ကျောကုန်း၊ ခြေထောက်နှင့် အမြီးတိ့ုကိုသာ မြင်ရသည်။ ထို့ကြောင့် ကျားအား ကုန်းတော်ပေါ်မှပစ်၍ ချက်ကောင်းကို ထိမှန်နိုင်မည် မဟုတ်ဘဲ ဒဏ်ရာဖြင့် ဆင်းလာပြီး ရင်ပြင် ပေါ်ရှိ ဘုရားဖူးများကို ရန်မူနိုင်သည်။ ဗိုလ်မှူးကြီး လော့ဖို့ဒ်သည် ကပ္ပတိန်ဂျင်းနင်းအား တန်ဆောင်း တစ်ခု ပေါ်သို့ တက်စေ၍ နေရာယူခိုင်းသည်။ ထိုအချိန်တွင် ကပ္ပတိန်ဘီဗိးလ်အား လီဗာပူဘုရင့်တပ်ရင်းမှ ရိုင်ဖယ် သေနတ်ကိုင် (၁၀)ဦးမျှကို လာခဲ့ရန် ခေါ်ယူစေလိုက်သည်။ ရောက်လာကြသော စစ်သားများမှာ (၁၄)ဦးမျှ ဖြစ်သည်။ ထိုစစ်သားများကို နှစ်သုတ်ခွဲလိုက်ပြီး ကပ္ပတိန်ဂျင်းနင်းရှိသော တန်ဆောင်း၏ တစ်ဖက်တစ်ချက်မှ နေရာယူခိုင်းလိုက်သည်။ 

သေနတ်ကိုင်ထားသော သူတိ့ု ဝိုင်းနေရာမှ အဆင်သင့် ဖြစ်ကြသောအခါ ဗိုလ်မှူးကြီး၏ အမိန့်ဖြင့် ကျားကို ပစ်စေသည်။ ကျည်ဆန်အများမှာ ကျားဝပ်နေသောအစွန်းကို အများဆုံး သွား၍ မှန်သည်။ ထိုအခါ 

ကျားသည် ခေါင်းထောင်၍ ထလိုက်ရာတွင် ကပ္ပတိန်ဂျင်းနင်း ပစ်လိုက်သောကျည်ဆံဖြင့် ရင်အုပ်တွင် လည်းကောင်း၊ ဘယ်နှင့်ညာပခုုံးတွင်လည်းကောင်း သွား၍ ထိမှန်လေသည်။ ကျားသည် အမြီးကို လှုပ်ရမ်းရင်း လူးချည်ပျံချည်ဖြစ်နေစဉ် ဆက်ပြီး ပစ်စေရာ ထိုနေရာတွင်ပင် ငြိမ်ကျသွားသည်။ 

ကပ္ပတိန်ဂျင်းနင်းသည် ကျားရှိရာသို့ ငြမ်းတွင် ချည်ထားသော ဝါးလှေကားဖြင့်တက်သွားရာ အနီးသို့ရောက်လျှင် ကျားမှာ မသေဘဲ ညည်းသံပြုနေသည်ကို တွေ့ရ၏။ ထိ့ုကြောင့် ရင်အုပ်တည့်တည့်သို့ နောက်ထပ် တစ်ချက်ဆင့်၍ ပစ်လိုက်ရသည်။ ထို့နောက် ကျားကိုအောက်သို့ ဆွဲယူလာလေသည်။ 


(ထိုကျားသည် ရွှေတိဂုံပေါ်သို့ မတက်ရောက်ခင်က ပုဇွန်တောင် အမဲသတ်ရုံအနီးရှိ တရုတ် လူမျိုးများ ၏ ဟင်းရွက်ခင်းထဲသို့ ရောက်ခဲ့ကြောင်း ခြေရာများ တွေ့ရသည်။ ထိ့ုနောက် ကုက္ကိုင်း ရေကူးဘက်ရှိ ခြံတစ်ခြံ ထဲတွင် နွားမတစ်ကောင်ကိုလည်း ကိုက်သတ် စားသွားသေးသည်။ ဘောင်ဒရီလမ်းရှိ အိမ်တစ်အိမ်၏ မီးဖိုချောင် အတွင်းသို့လည်း ဝင်လာခဲ့သေးသည်ဟု သိရသည်။ ကျားသည် ပဲခူးရိုးမဘက်မှ လမ်းမှား၍ မြို့တွင်းသို့ ဝင်ရောက်လာဟန်တူသည်ဟု အင်္ဂလိပ် အမဲပစ် မုဆိုးများက ဆိုကြပေသည်။) 



Credit; သိမှတ်ဖွယ်ရာ မြန်မာ့လှိူ့ဝှက်ချက် ၁၀၀


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...