Royal Danish Foreign Ministry နှင့် Danish Burma Committe ၏ အထောက်အပံဖြင့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ မှ ရေးဆွဲသော ဖွဲ့စည်းပုံ ဥပဒေ မူကြမ်းကို လေ့လာနိုင်ရန် သိရှိသင့်သည်ဟု ယူဆရသော ထူးခြားချက်များကို ထုတ်နှုတ်တင်ပြပါတယ်။ တစ်အုပ်လုံးကို လေ့လာလိုပါက အောက်ပါ Link တွင် Down နိုင်ပါတယ်။
ညီညွှတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) ကလည်း သဘောတူညီတယ်လို့ ဆိုပါတယ်။
မိုင်ဂျာယန်းညီလာခံမှာ ဆွေးနွေးတဲ့ အချက်တွေဟာ ဒီအချက်များ ဖြစ်ပါတယ်။
စာအုပ်အမည် - ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း)
စာမျက်နှာ - ၁၄၈
အရြယ္အစား - 739 KB-
ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း) တွင် ပါရှိသော ထူးခြားချက်များ
ပုဒ်မ (၁၇) နိုင်ငံသားဖြစ်ခွင့် အခွင့်အရေး
ဖက်ဒရယ်ပြည်ထောင်စုအတွင်း နေထိုင်သူတိုင်းသည် ဖက်ဒရယ်ပြည်ထောင်စု ဥပဒေပြဌာန်းချက်များနှင့်အညီ နိုင်ငံသားအဖြစ် လျှောက်ထားပိုင်ခွင့် ရှိသည်။
ပုဒ်မ (၃၁) အခြေချနေထိုင်ခွင့်
နိုင်ငံသားတိုင်းသည် မိမိနေရင်းပြည်နယ်မှ အခြားပြည်နယ်တရပ်ရပ်သို့ အခြေချနေထိုင်ခြင်း၊ စီးပွားရှာဖွေခြင်းတို့သည် သက်ဆိုင်ရာပြည်နယ်၏ တရားဥပဒေပြဌာန်းချက်များနှင့် အညီသာလျှင် ဖြစ်စေရမည်။
ပုဒ်မ (၄၉) ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များနှင့် ဖက်ဒရယ် ပြည်ထောင်စု နယ်မြေများ
(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ ―
ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကချင်အမျိုးသားပြည်နယ်
(၂) ကရင်အမျိုးသားပြည်နယ်
(၃) ကရင်နီအမျိုးသားပြည်နယ်
(၄) ချင်းအမျိုးသားပြည်နယ်
(၅) ဗမာအမျိုးသားပြည်နယ်
(၆) မွန်အမျိုးသားပြည်နယ်
(၇) တနင်္သာရီအမျိုးသားများပြည်နယ်
(၈) ရခိုင်အမျိုးသားပြည်နယ်
(၉) ရှမ်းအမျိုးသားပြည်နယ်
(၁၀) ဧရာဝတီအမျိုးသားပြည်နယ်
ပုဒ်မ (၅၄) ပြည်နယ်တပ်ဖွဲ့များ
(က) ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်လူဦးရေ၏ (၀.၂) ရာခိုင်နှုန်း အင်အားထက်မပိုသော ပြည်နယ် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခွင့် ရှိစေရမည်။
(ခ) ဖက်ဒရယ် ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်းထားသော ဥပဒေနှင့်အညီ ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များသည် သက်ဆိုင်ရာ ပြည်နယ်လူဦးရေ၏ (၀.၁) ရာခိုင်နှုန်း အင်အားထက်မပိုသော ပြည်နယ် လုံခြုံရေးတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်သည်။
ပုဒ်မ (၁၁၂) သမ္မတ ရွေးချယ်ပုံစနစ်
(က) ပြည်နယ်လွှတ်တော်အသီးသီးမှ တပြည်နယ်လျှင် တဦးကျစီ ပေးပို့သော သမ္မတလောင်များအနက်မှ သမ္မတတဦးနှင့် ဒုတိယသမ္မတတဦးကို အမျိုးသားလွှတ်တော်မှ ရွေးချယ်တင်မြှောက်ရမည်။
(ခ) ပြည်နယ်တခုမှ ဖက်ဒရယ်ပြည်ထောင်စုသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရပါက နောက်ထပ်သက်တမ်း သုံးကြိမ်အတွင်း အဆိုပါပြည်နယ်မှ ထပ်မံရွေးချယ်ခြင်း မရှိစေရ။ ဤသက်တမ်းရေတွက်မှုတွင် ဒုတိယသမ္မတ သက်တမ်းကာလ အကြုံးမဝင်စေရ။
ပုဒ်မ (၁၂၁) ဖက်ဒရယ် ပြည်ထောင်စုအစိုးရ ဖွဲ့စည်းခြင်း
(က) ဖက်ဒရယ် ပြည်ထောင်စု ဝန်ကြီးချုပ် ဥိးဆောင်သော ဝန်ကြီးအဖွဲ့ဖြင့် ဖက်ဒရယ် ပြည်ထောင်စု အစိုးရကို ဖွဲ့စည်းရမည်။
(ခ) ဖက်ဒရယ် ပြည်ထောင်စု အစိုးရ ဝန်ကြီးအဖွဲ့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။
(ဂ) ဖက်ဒရယ် ပြည်ထောင်စု အစိုးရသည် ပြည်သူ့လွှတ်တော်အား အဖွဲ့လိုက် စုပေါင်းတာဝန်ခံရမည်။
ပုဒ်မ (၁၂၃) ဝန်ကြီးချုပ်
(က) ပြည်သူ့လွှတ်တော်မှ ရွေးကောက်တင်မြှောက်၍ အမည်စာရင်းတင်သွင်းသော ပုဂ္ဂိုလ်အား ဖက်ဒရယ် ပြည်ထောင်စု သမ္မတက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမည်။
ပုဒ်မ (၁၅၁) တပြိုင်နက် နိုင်ငံသားဖြစ်ခွင့်
ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံသားတဦးသည် အခြားနိုင်ငံတစ်ခု၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ ထိုသို့ ခံယူခြင်းကြောင့် မူလ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အလိုအလျောက် ဆုံးရှုံးခြင်း မရှိစေရ။ တပြိုကင်နက်တည် နိုင်ငံသား ဖြစ်ခွင့်ရှိသည်။
ပုဒ်မ (၁၅၆) ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များဆိုင်ရာ အခြေခံမူများ
(င) ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များ ဖွဲ့စည်တာဝန်ပေးအပ်မှုတွင် ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် ပြည်နယ်များအားလုံး၏ အချိုးကျ ကိုယ်စားပြုမှု ရှိရမည်။
ပုဒ်မ (၁၅၉) ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်
(င) ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးအဖြစ် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ မည်သူ့ကိုမျှ ခန့်အပ်ခြင်း မရှိစေရ။ ဖက်ဒရယ် ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးသည် အရပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ် ဖြစ်စေရမည်။
ပုဒ်မ (၁၆၃) စစ်တက္ကသိုလ်များ
ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အတွက် သီးခြားသော စစ်တက္ကသိုလ်များ ဖွဲ့စည်းတည်ထောင်ရမည်။ ယင်း တက္ကသိုလ်များတွင် ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင်ပြည်နယ်များမှ အချိုးကျတက်ရောက် သင်ကြားခွင့် ရှိစေရမည်။
ပုဒ်မ (၁၉၁) တရားဝင် ငွေကြေးနှင့် ပစ္စည်း ပိုင်ဆိုင်မှုဆိုင်ရာ ပြဌာန်းချက်
(က) နိုင်ငံရေးတာဝန်ကို ထမ်းဆောင်နေရသော ပုဂ္ဂိုလ်များသည် ၎င်းတို့ ပိုင်ဆိုင်သော ငွေကြေးနှင့် ပစ္စည်းဥစ္စာများကို ဖော်ပြရန် တာဝန်ရှိစေရမည်။
-
မိမိတို့ အမြင်များကို လွတ်လပ် ပွင့်လင်းစွာ Comment ပေးနိုင်ပါတယ်။ သို့သော် တိုင်းရင်းသားများအကြား အမုန်းပွားစေနိုင်သော Comment များ၊ မိုက်ရိုင်းစွာ ဆဲဆိုခြင်းများကို ခွင့်မပြု။
Credit; BookShelf
No comments:
Post a Comment