Friday 29 July 2016

ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့တာ ဘယ်သူလဲ ?












ပထမဆုံး အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့တာ ဘယ်သူလဲ ?


မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သူမှာ ဦးရွှေကြူးလည်းမဟုတ်၊ ဦးထွန်းငြိမ်းလည်းမဟုတ်၊ ဒေါက်တာဘဟန်လည်း မဟုတ်။ ၎င်းတို့မှာ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့ကြ သည်မှာ မှန်သော်ငြားလည်း ပထမဦးဆုံးတော့ မဟုတ်ပါချေ။ 

ပထမဦးဆုံးသော အင်္ဂလိပ်-မြန်မာ အဘိဓာန် ပြုစုခဲ့သူကား မြန်မာနိုင်ငံသားစစ်စစ်ဖြစ်၏။ မဟာဆီ မဟာသွေးပါသူ ဖြစ်၏။ ၎င်းကား မက္ခရာမင်းသားဖြစ်လေ၏။ မက္ခရာမင်းသားမှာ အမရပူရ ပထမမြို့တည် ဗဒုံ မင်းတရားကြီးနှင့် မိဖုရား သီရိမဟာရတနာဒေဝီတိ့ု၏ သားတော် ဖြစ်သည်။ အင်းဝဘုရင် ဘကြီးတော်၏ ဦးလေး တော်စပ်သည်။ မြန်မာသက္ကရာဇ် ၁၁၅၃ ခုနှစ်တွင် ဖွားမြင်၍ ၁၂၁၀ ပြည့်နှစ် အသက် (၅၇)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ 

မက္ခရာမင်းသား အသက်ထင်ရှားရှိခဲ့စဉ်က နိုင်ငံနှင့်လူမျိုး၏ အကျိုးကို အစွမ်းကုန် ဆောင်ရွက်ခဲ့သည်။ ဆောင်ရွက်သည်ဆိုရာ၌ နိုင်ငံရေးအရ မဟုတ်။ စာပေရေး၊ ပညာရေးအရ ဆောင်ရွက်ခြင်း ဖြစ်သည်။ ထိုစဉ်က မြန်မာတို့သည် အနောက်တိုင်း ဝိဇ္ဇာသိပ္ပံပညာရပ်များကို မတတ်မြောက်ကြသေး။ ခေတ်မမီကြသေး။ ကမ္ဘာ ပြားသည်ဟူသော အယူအဆကိုပင် ယူဆနေကြဆဲဖြစ်သည်။ ထိုအချက်ကို မင်းသားကြီးသည် ကောင်းစွာ သတိပြု ဆင်ခြင်မိသည်။ မင်းသားကြီးသည် အင်းဝနေပြည်တော်ရောက် အင်္ဂလိပ်လူမျိုးများနှင့် ဆက်ဆံရာတွင် ထိုသူတို့မှတဆင့် ခေတ်မီ ဝိဇ္ဇာသိပ္ပံပညာရပ်များ၏ သဘောကို သိရှိနားလည်ခဲ့သည်။ ထိုပညာရပ်များကို တတ်မြောက် မှသာ မြန်မာတို့ ခေတ်မီမည်ကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့် မြန်မာများ ခေတ်မီရေးကို မင်းသားကြီးသည် အစွမ်းကုန် အားထုတ်ခဲ့ လေသည်။ 

မင်းသားကြီးသည် အင်းဝသို့ ရောက်ရှိနေသည့် အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာရော်ဂျာထံမှ အင်္ဂလိပ် စာကို သင်ယူသည်။ ထို့နောက် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော အနောက်တိုင်း ဝိဇ္ဇာသိပ္ပံဆိုင်ရာ ပညာရပ် များကို လေ့လာဆည်းပူးသည်။ အထူးသဖြင့် ရီး၏ စွယ်စုံကျမ်း (Rees’ Encyclopaedia) ကို လေ့လာ ဆည်းပူးသည်။ မြန်မာအမျိုးသားတို့ လေ့လာဆည်းပူးနိုင်ရန်လည်း ထိုကျမ်းပါ သိပ္ပံပညာရပ်အချို့ကို မြန်မာ ဘာသာ ပြန်ဆိုလေသည်။ 


အင်္ဂလိပ်စစ်ဗိုလ်မှူးကြီး ကာနယ်ဘားနေးသည် အင်းဝသိ့ု အရေးပိုင်ဝန်ကြီးအဖြစ် အမှုထမ်းဖိ့ု ရောက်လာစဉ်အတွင်း မက္ခရာမင်းသားကြီးအား ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်လျက် လေးစား ကြည်ညိုစွာ သွားရောက် တွေ့ဆုံခဲ့ပေသည်။ 


Credit;  သိမှတ်ဖွယ်ရာ မြန်မာ့လှိူ့ဝှက်ချက် ၁၀၀



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...