ဦးပေါ်ဦးကွယ်လွန်တော့ အခေါင်းအပြင်ဘက် ညာလက်တစ်ဖက် ဘာကြောင့် ထုတ္တာလဲ ?
ပညာရှိအမတ်ကြီး ဦးပေါ်ဦးသည် မင်းသုံးဆက်တိုင်တိုင် ထင်ရှားခဲ့သူဖြစ်သည်။ သူသည် ဦးဗုဓ်အား လွန်စွာ ကြည်ညိုလေးစားသူ ဖြစ်၏။ ဦးပေါ်ဦး ကွယ်လွန်သည့်အခါ အများတကာကဲ့သို့ မဟုတ်ဘဲ ညာဘက် လက်ဖဝါးကို ခေါင်းတလား (သေတ္တာ)၏ အပြင်ဘက်သို့ ထုတ်ထားရမည်ဟု မကွယ်လွန်မီက မှာကြား ထားခဲ့သည့်အတိုင်း ၎င်း၏ ညာဘက်လက်ထုတ်ကာ သဂြုင်္ိဟ်ရလေသည်။ ဤကဲ့သို့ ထူးခြား ထူးထူးဆန်းဆန်း အဖြစ်ကို ကုန်းဘောင်မင်းတရားကြီးသည် လွန်စွာမှ သိလိုလှတော့၏။ သည့်အတွက် ဆရာတော်များကိုပင့်ပြီး ဆွမ်းလုပ်ကျွေးသည့် သကာလ လျှောက်ထားတော်မူလေ၏။
“အရှင်ဘုရားတို့...
ဘယ်အတွက်ရယ်ကြောင့်များ ပညာရှိအမတ်ကြီး ဦးပေါ်ဦးဟာ ခေါင်းတလားအပြင်ဘက်သို့ လူ့လက်ဖဝါးထုတ်ထားဖို့ မှာခဲ့ပါသလဲဘုရား၊ တပည့်တော်ကို ရှင်းလင်း မိန့်ကြားပေးတော်မူပါ”
သည်လျှောက်ထားချက်အပေါ် သာသနာပိုင်ဆရာတော်မှစ၍ သုဓမ္မာဆရာတော်ကြီးများအဆုံး ပညာရှိ အမတ်ကြီး ဦးပေါ်ဦး၏ မှာကြားချက်သဘောကို ပြောမပြတတ်ကြပေ။ နောက်ဆုံး သည်ပြဿနာသည် ညောင်ကန်ဆရာတော် ဦးဗုဓ်ထံ ရောက်ရှိလာခဲ့တော့သည်။ ဆရာတော် ဦးဗုဓ်လည်း ကုန်းဘောင်မင်းနှင့်တကွ တရားနာ ပရိသတ်အပေါင်း သဘောပေါက် နားလည်စေရန် မိန့်ကြားရတော့၏။
“ဒကာတော်မင်းကြီးနဲ့တကွ ပရိသတ်အပေါင်းတို့၊ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ပညာရှိအမတ်ကြီး ဦးပေါ်ဦးဟာ စာပေကျမ်းဂန်တွေလွန်စွာ တတ်မြောက်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လောကီရေးရာမှာလည်း လွန်စွာမှ လိမ္မာကျွမ်းကျင်လှတဲ့သူ၊ စိတ်နှလုံးလည်း လွန်စွာနူးညံ့တဲ့သူ။ အရှင့်အရေး ပြည်အရေးကိုလည်း ထောက်တွေး ရှုမျှော်လေ့ရှိသူ။ အတ္တဟိတ၊ ပရဟိတအရာမှာလည်း ကွယ်လွန်တဲ့အထိ မျှတလေ့ရှိတဲ့သူ ဖြစ်ပါတယ်။
သူ အခု ကွယ်လွန်သွားခဲ့ပါပြီ။ ကွယ်လွန်တဲ့အခါ သူ့ရဲ့ ညာဘက်လက်တစ်ဖက်ကို ခေါင်းတလားအပြင်ဘက် ထုတ်သွားစေခဲ့တာဟာ ဘယ်လောက်ပဲ ပညာတွေ ကြီးရင့် တတ်မြောက်နေပါစေ၊ ဘယ်လောက်ပဲ လောကီရေးရာ အမှုကိစ္စတွေ ကျွမ်းကျင်တတ်မြောက်နေပါစေ ဘဝတစ်ပါးကို ကူးပြောင်းသွားရတဲ့အခါ အနုမြူလောက် သေးငယ်တာလေးကိုမျှ ယူဆောင်သွားနိုင်စွမ်း မရှိတော့ပါဘူး။ လက်ချည်းသာ သွားရတယ်ဆိုတဲ့အကြောင်း နေပြည်တော်ရှိ ရဟန်းရှင်လူအများ ပြည်သူအများ သတိ သမ္ဗဇညတရား ရှိရစ်ကြစေလိုတဲ့ သဘောပဲ ဖြစ်ပါတယ်” ဟူ၍ ရှင်းလင်းမိန့်ကြားလေသောအခါ မင်းတရားကြီးနှင့်တကွ တရားနာပရိတ်သတ်အပေါင်းတို့လည်း တရားသံဝေဂရကြ၍ သာဓုခေါ်ဆိုကြ ပေတော့သတည်း။
Original book; သိမှတ်ဖွယ်ရာ မြန်မာ့လှို့ဝှက်ချက် ၁၀၀
Original book; သိမှတ်ဖွယ်ရာ မြန်မာ့လှို့ဝှက်ချက် ၁၀၀
No comments:
Post a Comment